မေမေတို့ရေ တစ်ခါတစ်ရံမှာ သားသားမီးမီးလေးတွေကို ဘယ်လိုပဲသိပ်သိပ် မအိပ်တာမျိုးတွေကြုံရတတ်တယ်နော်။ ကလေးတွေက အိပ်ချင်နေတာတောင် မအိပ်ဘဲနဲ့ ဂျီကျနေတာကြောင့် မေမေတို့ စိတ်ညစ်ရတဲ့ အခိုက်အတန့်မျိုးတွေလည်း ရှိတတ်ပါတယ်နော်။ ဘယ်လိုအချိန်မျိုးတွေမှာ သားသားမီးမီးလေးတွေ မအိပ်ဘဲနေတတ်တယ်ဆိုတာကို မေမေတို့အတွက် မျှဝေပေးချင်ပါတယ်။
ကလေးတွေမအိပ်ရတဲ့အကြောင်းအရင်းကတော့ အများအားဖြင့်တော့ ဗိုက်ဆာနေတာကြောင့်ပါတဲ့။ သူတို့အနေနဲ့ ဗိုက်ဆာနေပြီး ၀လင်မှုမရှိတဲ့အခါမျိုးတွေမှာ မအိပ်ဘဲဂျီကျတတ်ကြတာများတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ချစ်ခင်သူတွေက သိပ်တာမဟုတ်ဘဲ အခြားသူတစ်ဦးဦးကသိပ်တဲ့အခါမျိုးမှာလည်း မအိပ်တာမျိုးရှိတတ်ပါတယ်။ ကလေးတွေအနေနဲ့ မိခင် (ဒါမှမဟုတ်) သူတို့သဘောကျချစ်ခင်သူတစ်ဦးဦးကို မျှော်လင့်နေတဲ့အချိန်မျိုးတွေမှာ သိပ်လို့မရတာမျိုးတွေရှိတတ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့ အိပ်ခန်းအပြောင်းအလဲတွေရှိတဲ့အခါမှာလည်း အိပ်စက်ဖို့အတွက် ခက်ခဲတတ်တယ်လို့ ဆိုပါတယ်။ ဒါကတော့ ကလေးတွေသာမကဘဲ လူကြီးအချို့မှာတော့ အိပ်ခန်းနေရာအပြောင်းအလဲတွေရှိရင် အိပ်ပျော်ဖို့ခက်ခဲတတ်တာပါ။ ကလေးတွေအတွက်လည်း အဲ့ဒီလိုပါပဲတဲ့။
မေမေတို့ရေ သားသားမီးမီးတို့ရဲ့ အိပ်ချိန်တွေကို ပြောင်းလဲပစ်လိုက်တဲ့အခါမျိုးတွေမှာလည်း အိပ်စက်ဖို့အခက်အခဲတွေ့တတ်ပါတယ်။ ပုံမှန်အိပ်နေကျအချိန်မဟုတ်တော့ဘဲ အခြားအချိန်တွေမှာ အိပ်စက်စေတာ၊ သူတို့ရဲ့အိပ်ချိန်တွေကို အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲပစ်လိုက်ရတာမျိုးတွေအတွက် အစပိုင်းမှာ အိပ်စက်ဖို့ကို ခက်ခဲကြရတာဖြစ်ပါတယ်။ ညဘက်အိပ်ချိန်နီးတဲ့အခါမျိုးတွေမှာ ကလေးတွေကို ဆော့ကစားစေတာမျိုးကလည်း အိပ်စက်ချိန်ကို အခက်တွေ့စေတတ်ပါတယ်။ နောက်ပြီး ကလေးတွေရဲ့အိပ်ယာမှာ ငြိမ့်ညောင်းတဲ့သံစဉ်လေးတွေထားရှိပေးတာနဲ့အတူ အိပ်စက်မှုကောင်းမွန်စေဖို့ကြိုးစားပေးကြပေမယ့် ကလေးတွေရဲ့အိပ်ယာအနီး တီဗွီတွေဖွင့်ထားတာ၊ ရေဒီယိုတွေကို ကျယ်ကျယ်လောင်လောင်ဖွင့်ထားတာတွေကလည်း ကလေးတွေရဲ့ အိပ်စက်မှုကို အဟန့်အတားဖြစ်စေတယ်လို့ဆိုပါတယ်။
မေမေတို့ရေ ဒီအချက်လေးတွေကို သေချာလေးသတိထားပြီး ကလေးငယ်လေးတွေ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်စေဖို့ ကြိုးပမ်းပေးလိုက်ရအောင်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး