မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးဖွားပြီးချိန်မှာ သူတို့ရဲ့ ချက်ကြိုးဖြတ်ထားတဲ့နေရာလေးက အရမ်းကိုအရေးကြီးပါတယ်နော်။ ချက်ကအသက်လို့လည်း ပြောလို့ရပါတယ်။ ချက်မကြွေမီကာလလေးမှာရော ချက်ကြွေပြီးစကာလလေးမှာရော မေမေတို့က အထူးဂရုပြုပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ ဘေဘီလေးတွေရဲ့ချက်ကြွေကာလကတော့ မွေးဖွားပြီး ၂ ပတ်ကနေ ၃ ပတ်ကြားမှာဖြစ်တတ်ပါတယ်။ အများအားဖြင့်ကတော့ ၂ ပတ်အတွင်းမှာ ချက်ကြွေတတ်ကြပါတယ်။ ချက်မကြွေမီကာလမှာလည်း ထိခိုက်မှုမရှိစေဖို့နဲ့ ခြောက်သွေ့မှုကို ဂရုစိုက်ပေးရပါမယ်။ ဘယ်ဆေးမှထည့်ပေးဖို့မလိုပါဘူးနော်။ နောက်ပြီး ကလေးငယ်လေးတွေ ချက်မကြွေမီနဲ့ ချက်ကြွေစတွေမှာ ဒိုက်ဗာဝတ်ပေးရင်အရမ်းကိုအရေးကြီးပါတယ်။ ချက်ကို အုပ်မိမနေစေဖို့နဲ့ ချက်ကိုထိခိုက်မှုမရှိစေဖို့ကို မေမေတို့က ဂရုစိုက်ပေးရပါမယ်။
ချက်ကြွေပြီးသွားပြီဆိုရင်တော့ တစ်ရက်ကိုနှစ်ကြိမ်လောက် ဂွမ်းစလေးကို အရက်ပြန်လေးအနည်းငယ်စွတ်ပြီး သန့်ရှင်းရေးပြုလုပ်ပေးပါနော်။ ချက်တဝိုက်ကိုလည်း သန့်စင်နေဖို့အတွက် ဂရုစိုက်ပေးရပါမယ်မေမေတို့ရေ။ ဘေဘီလေးတွေရဲ့ ကျန်းမာရေးအတွက်ကိုတော့ မေမေတို့ကိုယ်တိုင်က အထူးဂရုစိုက်ပေးဖို့အတွက် ကျားလေးက အကြံပြုမျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး