အချိုမစားဘဲ နေဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲမယ်ထင်ပါတယ်။ ပုံမှန်ထက် အစားအစားတွေကို စားချင်စိတ်ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင်ကာလမှာဆို ပိုဆိုးမယ်ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ စားချင်တာကို စားလိုက်ရမှာ အာသာပြေပြီး စိတ်ကျေနပ်တာကိုး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ အစားအစာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးလိုက်တဲ့ အစားအစားတွေက မိခင် ကျန်းမာရေးရော ဗိုက်ထဲကဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု နဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာအချိုမှ အချိုဆိုပြီး စားချင်စိတ်ဖြစ်ရင်တောင် အချိုလျှော့စားသင့်တဲ့ အကြောင်းအရင်းလေး ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချိန်တွေမှာလည်း အချိုကို လိုသလောက်ပဲ စားသင့်ပါတယ်။ အကြောင်းကတော့ အချိုများတာက ကျန်းမာရေးကို ထိခိုက်စေလို့ပါပဲ။ ကိုယ်ဝန်ဆောင် မေမေအနေနဲ့ အချိုအများကြီး စားမယ်ဆိုရင် တော့.............
၁။ ကိုယ်အလေးချိန် တိုးမယ်
----------------------------
အချို အများကြီးစားတာက မလိုအပ်ဘဲ ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။ အချို နဲ့ ကယ်လ်လိုရီ ပါဝင်မှုများတဲ့ ကွတ်ကီး၊ ချောကလက်၊ ထောပတ်ကိတ် စတာတွေကို စားသုံးတာက ကိုယ်ဝန်ဆောင်မေမေကို အဝလွန်စေနိုင်ပါတယ်။ဒါတွေအပြင် အချိုရည် သောက်တာ၊ အချိုကဲတဲ့ သစ်သီးဖျော်ရည်တွေ သောက်တာကလည်း ကိုယ်ဝန်ဆောင်မေမေကို မလိုအပ်ဘဲ ကိုယ်အလေးချိန် တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ ခါးနာတာ၊ သွားကိုက်သွားနာ၊ ကိုယ်ဝန်ဆောင် ဆီးချို စတာတွေကို ခံစားရနိုင်ပါတယ်။
၂။ သွေးတွင်း သကြားဓာတ် မြင့်မယ်
-----------------------------------------------
ကိုယ်ဆောင်ချိန်မှာ အချိုစာတွေ အစားများတာက မလိုအပ်ဘဲ သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို ဖြစ်စေပါတယ်။ ဒီအခြေအနေက မိခင်ရော ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
၃။ ဘေဘီလေးကို ကျန်းမာရေး ထိခိုက်စေတယ်
---------------------------------------------------
ကိုယ်ဝန်ဆောင်ချိန်မှာ အချို အစားများတာက ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုစာတွေ အများကြီး စားမယ်ဆိုရင် ဘေဘီလေးမှာ မွေးရာပါ ဆီးချိုရောဂါ (အမျိုးအစား-၁ ဆီးချို) ဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်အလေးချိန်ကလည်း ရှိသင့်တာထက် များနေတာ။ လမစေ့ဘဲ မွေးဖွားတာ။ ပေါင်မပြည့်ဘဲ မွေးဖွားတာ။ ဓာတ်မတည့်မှု ပြဿနာနဲ့ ဘေဘီလေးမှာ နှလုံးရောဂါ ခံစားရနိုင်ခြေကို မြင့်စေပါတယ်။
၄။ ဘေဘီလေးရဲ့ သိမြင်မှု စွမ်းရည်ကို ထိခိုက်စေတယ်
---------------------------------------------------------
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုစာတွေ တအားစားမယ်ဆိုရင် ကလးရဲ့သိမြင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ အချိုရည်သောက်တာ၊ အချိုကဲတဲ့ စားစရာတွေ စားသုံးတာက ဘေဘီလေးရဲက သင်ယူနိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်း တွေအပေါ် သက်ရောက်မှု ရှိပါတယ်။ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အချိုစားများတာက မေမေ့မှာ ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်တာ၊ ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်တာနဲ့ အဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ မေမေတို့မှာလည်း မအီမသာ ဖြစ်တာမျိုး ခံစားရနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ အချို လျှော့စားပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး