သင့်ကလေးငယ်က စိတ်ထိခိုက်လွယ်ပြီးအရမ်းငိုတတ်ပါသလား။ ဒီလိုဖြစ်စဉ်တွေက ကလေးငယ်တိုင်း ဖြစ်တတ်တဲ့ စိတ်အလိုမကျမှု တစ်ခုဖြစ်ပြီး အရွယ်ငယ်သေးတဲ့ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှု ပုံစံမျိုးလည်း ဖြစ်ပါတယ်။ ကလေးအရွယ်တွေဟာ စိတ်အလိုမကျတာတွေကို ဖွဲ့နွဲ့ပြောဆိုဖို့ မပြောတတ်သေးတဲ့အရွယ် ဖြစ်တဲ့အတွက် အမူအယာတွေနဲ့ ပြတတ်ကြ ပါတယ်။ ဒီလို ကလေးငယ်တွေဟာ သူတို့ စိတ်အလိုမကျမှုတွေ၊ သူတို့မိဘတွေရဲ့ ဂရုစိုက်မှုတွေကို တခြား နည်းလမ်းတစ်ခုနှင့် ရယူတာမျိုးပါ။
တကယ်တော့ ကလေးငယ်တွေကို နားဝင်အောင် ပြောဖို့သာ အရေးကြီးပြီး ဘယ်လိုချော့ရမလဲဆိုတာတွေကို လေ့လာသင့်ပါတယ်။ကလေးငိုနေတဲ့ အချိန်မှာ တစ်ယောက်တည်းနေပါစေဆိုပြီး မထားသင့်ပါဘူး။ အမိန့်ပေးတဲ့ပုံစံနှင့် တားမြစ်တာမျိုး ဘယ်တော့မှမပြောပါနဲ့။ ကလေးအတွက် ကောင်းမွန်တဲ့ဆုံးမခြင်းမျိုး မဟုတ်ပါဘူး။
သင့်ကလေးက ပုံမှန်မဟုတ်ဘဲ ဂျီကျနေမယ်ဆိုရင် ကလေးဘာကြောင့် စိတ်ကောက်နေသလဲ ဆိုတာကို အရင်လေ့လာပါ။ ကလေးငယ်တွေက အိပ်ရေးမဝရင်လည်း စိတ်မကြည်လင်ဘဲ စိတ်ကောက်တတ်ပါတယ်။ အသံကျယ်ကျယ် သီချင်းသံတွေနဲ့ ကျပ်ညပ်လွန်းပြီးသက်သောင့်သက်သာမဖြစ်တဲ့ အခြေအနေမျိုးမှာလည်း စိတ်ကောက်ပြီး အော်ဟစ်ငိုကြွေးတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ အပြုအမူနဲ့ အခြေအနေကို ကြည့်ပြီး နားလည်အောင်ကြိုးစားပါ။
ကလေးကို ချစ်ခင်ကြောင်းပြပါ။ နမ်းရှုပ်ပါ။ မျက်လုံးချင်း သေချာကြည့်ပြီး အရင်းနှီးဆုံး အနေအထားတစ်ခုကို တည်ဆောက်ပေးပါ။