
ကလေးမီးဖွားပြီးနောက် မွေးလမ်းကနေသွေးဆင်းတာကို ဆေးပညာအရ ‘လိုခီယာ’ လို့ခေါ်ပါတယ်။ ပုံမှန်လစဉ် ရာသီ ဆင်းသလိုပါဘဲ။ ရိုးရိုးမွေးဖြစ်ဖြစ်ခွဲမွေးတာဖြစ်ဖြစ် ဆင်းပါတယ်။ ၂ ပတ်ကနေ ၃ ပတ်ကြာမယ်။ တချို့မှာ ၆ပတ်အထိ ကြာတတ်တယ်။
ဆင်းတဲ့ ပမာဏ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ အနေအထား အချိန်နဲ့ အမျှမတူနိုင်ပါဘူး ၊တစ်ယောက်နဲ့ တစ်ယောက်လည်း ပမာဏကွဲပြားနိုင်ပါသေးတယ်။တချို့သော အမျိုးသမီးတွေမှာ ကလေးမွေးဖွားပြီးတဲ့အခါ သားအိမ်ညှစ်တဲ့အခါ ဗိုက်ကအောင့်ပြီး သွေးတွေ အများကြီးဆင်းမယ်။
ပြီးတာနဲ့ ခန္ဓာကိုယ်ရဲ့ သွေးခဲတဲ့ စနစ်ကြောင့် သူ့ဘာသူ ပြန်ရပ်သွားမယ်။တချို့ကျတော့ အထိုင်အထ အလဲအလျောင်းတွေမှာ သွေးဆင်းမယ်။ ဒါဟာ မွေးလမ်းကြောင်းမှာ ကျန်နေတဲ့သွေးတွေပဲ ဖြစ်တယ်။
လိုခီယာ ဆင်းရင် အဓိကက မိန်းမကိုယ်ကို သန့်သန့်ရှင်းရှင်းထားပါ။မိန်းမကိုယ်ကို သေချာ ဆေးကြောပါ။အမျိုးသမီး လစဉ်သုံး တမ်ပူးများ tampons မသုံးပါနဲ့။ လစဉ်သုံး အောက်ခံ pad သာသုံးပါ။သွေးဆင်းနေစဉ် လိင်မဆက်ဆံသင့်ပါ။
ဘက်တီးရီးယား ရောဂါပိုးများသည် သွေးဆင်းနေတဲ့ နေရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ဒုက္ခပေးနိုင်တယ်။ထို့အတူပဲ ကလေးမီးဖွားပြီးပြီးချင်း မသန့်တဲ့နေရာများမှာ ရေချိုးခြင်း ၊ရေကူးခြင်းများရှောင်ပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး