အန္တရာယ်လုံးဝကင်းတဲ့ ကိုယ်ဝန်ဆောင်ဆိုတာမရှိပါဘူး မိသားစုဝင်တိုင်း သိသင့်တဲ့ ကိုယ်ဝန်ဆောင်စဉ်မီးနီများအကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ သွေးပေါင်တိုးခြင်း၊ ဖောယောင်ခြင်းများဟာ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ ရောဂါ လက္ခဏာများပါပဲ။ ဆေးရုံဆေးခန်းကိုပြသဖို့ လိုအပ်ပြီး အချိန်မရွေး ကိုယ်ဝန်ဆိပ်တက်နာ ဖြစ်သွားပြီး မိခင်ရောကလေးပါ အသက် အန္တရာယ်ရှိနိုင်ပါတယ်။
ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ အမြင်မှုန်ဝါးခြင်း၊မကြည်လင်ခြင်း စသည့် တို့ကတော့ ပြင်းထန်တဲ့ ကိုယ်ဝန်ဆိပ်တက်နာရဲ့ ရောဂါ လက္ခဏာဖြစ်ပါတယ်။ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးရန် လိုအပ်ပြီး မိခင်ရောကလေးငယ်အတွက်ပါ အလွန်အရေးကြီးပါတယ်။ကလေးပုံမှန်မတိုးခြင်း၊ အတိုးနည်းခြင်းကလည်း ကလေးရဲ့ အန္တရာယ်လက္ခဏာဖြစ်တဲ့အတွက် စောင့်ကြည့်မနေဘဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
သွေးဆင်းခြင်းကတော့ အချင်းကွာခြင်းနဲ့အချင်းအောက်ခံခြင်းများကြောင့် ဖြစ်နိုင်ပါတယ်။သွေးသွန်ပြီး မိခင်ရော ကလေးပါ အသက် အန္တရာယ်ရှိနိုင်သဖြင့် နည်းနည်းပဲဆင်းလည်း အရေးကြီးတဲ့အတွက် ဆေးရုံအမြန်ပို့ပေးဖို့လိုအပ်ပါတယ်။
ဗိုက်နာခြင်းများမှာလည်း ကလေးမွေးဖို့ ဗိုက်နာခြင်း၊ အချင်းကွာလို့ ဗိုက်နာခြင်း၊ ရေမွှာရည်များလွှန်းခြင်း သိပ်တင်းပြီးနာခြင်း စတာတွေဖြစ်နိုင်သလို ဆီးသွားလမ်းကြောင်းပိုးဝင်လို့ဗိုက်နာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလိုအပ်ပါတယ်။အဖျားကြီးခြင်း၊ အသက်ရှူကြပ်ခြင်း၊ မောခြင်းများဖြစ်ရင် နီးစပ်ရာဆေးရုံသို့သွားပေးခြင်းဖြင့် အန္တရာယ်များမှ ကင်းဝေးဖို့မျှော်လင့်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး