
မိန်းမကိုယ်မှ ရေမြွှာရည်များ အရည်ကျဲကျဲ များများတာကို “ရေဆင်းတယ်” “ရေပေါင်တယ်” လို့ ခေါ်လေ့ရှိပါတယ်။ တကယ်တော့ ရေမြွှာရည်အိတ်ပေါက်ပြီး ရေမြွှာရည်များ ဆင်းလာတာဖြစ်ပါတယ်။
ဘယ်အချိန်မှာ ရေမြွှာရည်အိတ် ပုံမှန် ပေါက်လေ့ရှိသလဲ။ပုံမှန်အားဖြင့် ဗိုက်နာပြီး သားအိမ်အဝ အပြည့်ပွင့်ခါနီးလောက်မှာမှ ရေမြွှာရည်အိတ်ပေါက်ပြီး ရေမြွှာရည်တွေ ဆင်းလေ့ရှိပါတယ်။ ရေမြွှာပေါက်ပြီးတာနဲ့ ကလေးလည်း လိုက်ထွက်လာတတ်ပါတယ်။ ကလေးမွေးခါနီး လောက်မှ ရေမြွှာကပ်ပေါက်လေ့ရှိပါတယ်။
ဗိုက်နာနေတဲ့ အချိန်မဟုတ်ဘဲလည်း ရေမြွှာရည်အိတ်ပေါက်ပြီး ရေမြွှာရည်များ ပုံမှန်မဟုတ်ဘဲ ဆင်းတတ်ပါ တယ်။ ဗိုက်မနာခင် ရေဆင်းခြင်း (Pre-labour rupture of membranes) လို့ခေါ်ပါတယ်။ နေ့စေ့လစေ့မှာ လည်း ဆင်းနိုင်သလို၊ နေမစေ့လမစေ့သေးတဲ့အချိန်မှာလည်း ဆင်းနိုင်ပါတယ်။
ဘာကြောင့် ပုံမှန်မဟုတ်ဘဲ ရေမြွှာအိတ်ပေါက်ရတာလဲ။
အများစုမှာတော့ မိန်းမကိုယ်လမ်းကြောင်းမှာ ပိုးရှိလို့ ပေါက်တာလို့ ယူဆကြပါတယ်။
လူနည်းစုအချို့ကတော့ သားအိမ်အဝ မလုံလို့ ရေမြွှာအိတ်ကို မထိန်းထားနိုင်တာကြောင့်လည်းဖြစ် နိုင်ပါတယ်။ သားအိမ်အဝ မလုံတဲ့သူ တွေဟာ ကိုယ်ဝန် ဒုတိယ ၃လမှာ ဗိုက်မနာဘဲ ရေဆင်းပြီး ကလေးပျက်ကျတတ်ပါတယ်။ တတိယ၃လမှာ လည်း လမစေ့ဘဲ ရေဆင်းပြီး ဗိုက်သိပ်မနာရဘဲရေဆင်းပြီး လမစေ့ဘဲမွေးတတ်ကြပါတယ်။ အဲ့ဒီလို အမျိုးသမီး တွေကတော့ သားအိမ်ခေါင်းမလုံတာကို မပြင်သရွေ့ ထပ်တလဲလဲ ဖြစ်နေတတ်ပါတယ်။
ပုံမှန်မဟုတ်ဘဲ ရေမြွှာအိတ်ပေါက် ပြီးရင် ဘာတွေဖြစ်လာမှာလဲ။
ရေမြွှာပေါက်ပြီးရင် ဗိုက်နာစေတဲ့ ဓါတ်တွေ ထွက်လာပြီး ဗိုက်နာလာတတ်ကြပါတယ်။ ၂၄ နာရီ ကျော်လို့မှ မနာလာရင်တော့ ဗိုက်နာလာအောင် ဆေးသွင်းမွေးရတတ်ပါတယ်။ လမစေ့သေးတဲ့သူတွေအတွက် လိုအပ်ရင် ရင်သွေးလေးမွေးလာပြီးရင် အသက်ရှူကောင်းစေဖို့ မေမေကိုဆေးထိုးပေးဖို့တတ်ပါတယ်။ တချို့ က ဗိုက်မနာသေးလို့ဆိုပြီး အိမ်မှာဘဲနေတတ်ကြပါတယ်။ ရေမြွှာအိတ်ပေါက်ပြီးရင် ပိုးဝင်တတ်တဲ့အတွက် မေမေရော ရင်သွေးလေးပါ အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေမြွှာပေါက်ရင် ဆရာဝန်၊ ဆရာမများထံ ချက်ချင်း ဆက်သွယ်ဖို့ စောင့်ရှောက်မှုခံဖို့ လိုပါတယ်။
ရေမြွှာပေါက်ခြင်း နှင့် ယနေ့တိုင်ရှိနေသော ရှေးရိုးအယူအဆ
ဗိုက်မနာမီ ရေမြွှာပေါက်ရင် ရေလိုအရည်တွေဆင်းတတ်ပါတယ်။ ရေဆင်းတယ်လို့ခေါ်သလို အချို့ဒေသတွေက ရေပေါင်တယ်လို့လည်း ခေါ်ကြပါတယ်။ “ညနေဘက် ရေချိုးရင် ရေဆင်းတတ် တယ်” ဆိုတဲ့အယူအဆဟာ ယနေ့အထိ ရှိနေသေးပါတယ်။ အချိန်မတန်သေးဘဲ ရေမြွှာပေါက်ရတဲ့ အကြောင်းတွေရှိပါတယ်။ မေမေရေချိုးတာနဲ့တော့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ကိုယ်ဝန်ဆောင် မေမေတွေဟာ သာမာန်သူတွေထက် ပိုပြီးပူအိုက်တတ်ပါတယ်။ ချွေးထွက်တတ်ပါ တယ်။ ရေမချိုးရရင် ဘယ်လောက်နေရခက်မလဲ။ မေမေရေချိုးတာနဲ့တော့ ရင်သွေးလေးတို့နေတဲ့ ရေအိတ် မပေါက်ပါဘူး။ များသောအားဖြင့် မိန်မကိုယ်လမ်းကြောင်းမှာ ပိုးဝင်ရာက ရေမြွှာအိတ် ထိခိုက်ပြီး ပေါက်ရတာပါ။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဖြူဆင်းတာများတတ်ပေမယ့် အနံ့အသက်ဆိုးခြင်း၊ ယားယံခြင်း၊ ဆီးကျင်ခြင်း၊ ကိုက်ခဲခြင်းတို့ မရှိပါဘူး။ ပိုးဝင်ရင်တော့ အဲဒီ လက္ခဏာတွေရှိတတ်ပါတယ်။ ထိထိရောက်ရောက်ကုမှုမခံယူရင် ရေမြွှာစောပေါက်တတ်ပါတယ်။
ရေမြွှာဖေါက်ပေးခြင်း
ဗိုက်နာနေစဉ် လိုအပ်ရင် ရေမြွှာဖေါက်ပေးရတာရှိပါတယ်။ ရေမြွှာဖေါက်ပေးခြင်းဖြင့် သားအိမ်ညှစ်အား ကို ကောင်းလာစေတတ်ပြီ အမွေးမြန်စေပါတယ်။ ရေမြွှာရည်ရဲ့အရောင်ကိုလည်း ကြည့်လို့ရပါတယ်။ ဗိုက်နာနေတုံး ကလေးမွန်းရင် ရေမြွှာရည်ထဲ ငယ်ချေးတွေပါတဲ့အတွက် စိမ်းဝါဝါဖြစ်ပြီး ရေမြွှာရည် ညစ်ပတ် နေတတ်ပါတယ်။ ပိုးဝင်ထားရင်တော့ အနံအသက်ဆိုးတတ်ပါတယ်။ ကလေးကို အမြန်ဆုံး မွေးထုတ်ဖို့လိုတာကို ပြပါတယ်။