စျေး မီဒီယာ
မမွေးဖွားမှီ

မိခင်နှင့်ရင်သွေးလေးကျန်းမာရေးကိုလည်း မထိခိုက်ဘဲ အကျိုးရှိစေတဲ့ ကိုယ်ဝန်ဆောင်စဉ် နေထိုင် စားသောက်နည်း လမ်းညွှန်ချက်များ

Posted by Kyaw Lin Han April 23, 2020
Y8ztxsym8pekrr19rtlb

•ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် များရဲ့ အာဟာရ လိုအပ်ချက်ဟာ အခြားသူများထက် အလွန်များပြား ပါတယ်။
•ကိုယ်ဝန်ဆောင်မိခင်ဟာ ကိုယ်ဝန်ကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အတွက်၊ များပြားလာတဲ့ လှည့်ပတ်နေရတဲ့ သွေးပမာဏအတွက်၊ ရင်သွေးလေး၊ အချင်း၊ ရေမြွှာရည်၊ သားအိမ်၊ သားမြတ် စတာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ မွေးဖွားစဉ်နဲ့ ရင်သွေးလေးနို့တိုက်စဉ် အသုံးပြုနိုင်ရန် အဆီ သိုလှောင်ထားဖို့အတွက်၊ မတူ များပြားလာတဲ့ ဇီဝကမ္မပြောင်းလဲမှုများအတွက်လည်း အာဟာရ လိုအပ်ချက်တွေ များလာရတာဖြစ်ပါတယ်။
•လိုအပ်ချက်ရှိလာတဲ့အတွက် ကိုယ်ဝန် ပထမ ၃ လကျော်ပြီး၊ ဗိုက်ကြီးနာစွဲတဲ့ ခံစားရမှုပြီးတာနဲ့ မေမေတို့ ခံတွင်းလိုက်လာပါတယ်။ ခံတွင်းလိုက်လာသလို အစာအိမ်နဲ့ အူလမ်းကြောင်းကလည်း အာဟာရများကို စုပ်ယူမှုအား ကောင်းလာပါတယ်။ ကိုယ်ဝန်မရှိခင်ကထက် အဆပေါင်းများစွာ ကောင်းလာပါတယ်။ ဒါကြောင့် ကလေးနဲ့ မေမေ အတွက် နှစ်ယောက်စာ စားဖို့လိုတယ်လို့ ပြောလေ့ရှိပေမဲ့ နှစ်ယောက်စာ စားဖို့မလိုအောင် ခန္ဓာကိုယ်က ပြောင်းလဲလာပါတယ်။
•စားတဲ့အစာထဲမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်တဲ့ အစားအစာတွေ ပါရပါမယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်သိပ်တက်မှာစိုးပြီး အစားလျော့စားမဲ့အစား အာဟာရပြည့်တဲ့ အစားအစာတွေ စားပြီ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းဟာ မိခင်နဲ့ကလေးအတွက် ကောင်းကျိုးများကို ဖြစ်စေပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်တဲ့ အစားအစာတွေက ဘာတွေလဲ။

•ကစီဓါတ်

မြန်မာလူမျိုးများရဲ့ အစာဖြစ်တဲ့ ထမင်းမှာ အဓိက ကစီဓါတ်ပါတဲ့အစာဘဲ ဖြစ်ပါတယ်။ အခြားကစီဓါတ်ပါတဲ့ အစာတွေကတော့ ဆန်၊ ဂျုံတို့နဲ့လုပ်တဲ့အစားအစာများ ဖြစ်ပါတယ်။ အာလူး၊ ကန်ဇွန်းဥတို့မှာလည်း ပါပါ တယ်။ သကြား၊ ထန်ညက်ခဲနဲ့ ကြံသကာတို့မှာလည်းပါပါတယ်။
ကစီဓါတ်ဟာ သွားလာလှုပ်ရှားရာမှာ လိုအပ်တဲ့ ခွန်အားကို ပေးပြီး၊ ပိုလျှံနေရင် တချိန်လိုအပ်ခဲ့ရင် ပြန်သုံးနိုင်ဖို့ အဆီအဖြစ် သိမ်းထားတတ်ပါတယ်။
ပထမ ၃လမှာ နေ့စဉ် ၁၈၀၀ ကယ်လိုရီခန့် စားဖို့လိုပါတယ်။ ဒုတိယ၃လမှာတော့ ၂၂၀၀ ကယ်လိုရီလောက်စားဖို့လိုပြီး နောက်ဆုံး၃ လမှာ တော့ ခွန်အားဓါတ်ပိုလိုလာပါတယ်။ နေ့စဉ် ၂၄၀၀ ကယ်လိုရီလောက် စားဖို့လိုလာပါတယ်။
ပထမ ၆ လ မှာ ကိုယ်ဝန်ဆောင် အများစုမှာ ခွန်အားဓါတ် အပို များများလိုလေ့မရှိပါဘူ။
ဒါကြောင့် ပိုစားဖို့ထက် စားတဲ့အစာထဲမှာ အာဟာရပြည့်တဲ့အစားအစာဖြစ်ဖို့ရွေးရပါမယ်။
နောက်ဆုံး၃ လမှာ ပိုလိုအပ်လာတဲ့ ခွန်အားဓါတ် ၂၀၀ ကယ်လိုရီ လောက်ကို ပေါင်မုံ့ ၂ချပ်လောက် ပိုစားတာနဲ့ ရနိုင်ပါတယ်။
အမြွှာကိုယ်ဝန်တွေကတော့ တစ်နေ့ကို ၃၀၀၀-၃၅၀၀ ကယ်လိုရီလောက် စားဖို့လိုပါတယ်။

•အဆီဓါတ်

အဆီဓါတ်ပါဝင်မှု နည်းတဲ့အစာမျိုးကိုဘဲ စားသင့်ပါတယ်။

•အသားဓါတ်

အသားဓါတ်ကတော့ နေ့တိုင်းစားဖို့ လိုပါတယ်။ တိရိစ္ဆာန်များကလာတဲ့ အသားဓါတ်က ပိုကောင်းသော်လည်း သက်သတ်လွတ် စားသူများအတွက် ပဲအမျိုးမျိုးဟာ အာဟာရ ပြည့်တဲ့ အသားဓါတ်ပါဘဲ။
ငါးဟင်းကိုလည်း တစ်ပတ် နှစ်ကြီမ် သုံးကြိမ်ခန့်စားသင့်ပါတယ်။ ကြက်ဥ၊ ဘဲဥနဲ့ နို့တွေမှာလည်း အသားဓါတ်ပါဝင်ပါတယ်။

•အရိုးဓါတ်

အရိုးဓါတ်ကတော့ နွားနို့နဲ့ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေမှာ အများဆုံးပါပါတယ်။ နို့သောက်လို ဝမ်းပျက်တတ်တဲသူတွေ နို့မသောက်နိုင်တဲ့သူတွေအတွက်ကတော့ အရိုးပါ ဝါးစားလို့ရတဲ့ ငါးသေးသေးများ၊ အခွံပါဝါးစာလို့ရတဲ့ ပုဇွန်ဆိပ်လေးများစားခြင်းဖြင့် အရိုးဓါတ်ရနိုင်ပါတယ်။ ငါးကြီးများကို အရိုးနူးချက်ပြီးလည်းစားနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ရင်သွေးလေးရဲ အရိုးလေးတွေ ဖန်တီးနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က လိုအပ်ချက် များသလို အစာလမ်းကြောင်းက စုပ်ယူမှုအားလည်း ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ကာလမှာ အရိုးဓါတ်ပါတဲ့အစားအစာတွေကို စားဖြစ်အောင် စားဖို့လိုပါတယ်။ မစားဖြစ်ခဲ့ရင်တော့ မေမေ့ရဲ့ အရိုးထဲက အရိုးဓါတ်ကိုယူသွားမှာဆိုတော့ မေမေ့ အရိုးတွေ ပွကျန်ခဲ့မှာပါ။ အဲ့ဒါရဲ့ ဆိုးကျိုးက သွေးဆုံးပြီး အရိုးတွေ ပိုပွလာတဲ့အခါမှာအရိုးနာ၊ ဒူးနာ၊ ခါးနာတွေ ဖြစ်လာပြီး အရိုးကျိုး လွယ်တတ်ပါတယ်။ အဲ့ဒီအချိန်မှာ အရိုးဓါတ်ဖြစ်တဲ့ နွားနို့သောက်ခြင်း၊ ကယ်လဆီယမ်ဆေးပြားများ သောက်ခြင်းများလုပ်ပေမဲ့ အဲ့ဒီအချိန်မှာ အူနံရံက စုပ်ယူအားကလည်း ကိုယ်ဝန်ဆောင်စဉ်ကာလလောက် မကောင်းတော့ပါ။ ဒါကြောင့်စုတ်ယူအားကောင်းတဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလအာဟာရမှာ နွားနို့နဲ့ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဖို့လိုပါတယ်။

•ဗီတာမင်နဲ့ သတ္တုဓါတ်

ဗီတာမင်နဲ့ သတ္တုဓါတ်များကတော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် ၁၃ မျိုးရှိပါတယ်။ ဗီတာမင် အေ၊ ဘီ အုပ်စု၊ စီ၊ ဒီ၊ အီး၊ ကေတို့ဖြစ်ပါတယ်။ နေရာင်ခြည်ကရတဲ့ ဗီတာမင်ဒီကလွဲပြီးကျန်တဲ့ ဗီတာမင်တွေကို စားတဲ့ အစားအစာတွေကရပါတယ်။ ဟင်းရွက် ဟင်းသီး များက အဓိက ရနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ အရွက်အသီးများ နေ့တိုင်း ပါဖို့လိုပါတယ်။ အမျှင်များတဲ့ အရွက်အသီးများစားခြင်းအားဖြင့် ဗီတာမင်ဓါတ်များ ရရှိနိုင်တဲ့ အပြင် ဝမ်းကိုလည်း ပျော့စေမှာ ဖြစ်ပါတယ်။


•ကိုယ်ဝန်ဆောင်စဉ် ဗီတာမင်နဲ့ သတ္တုဓါတ်များ ဖြည့်စွက်စားဖို့လိုပါသလား။

ကိုယ်ဝန်ဆောင်စဉ် စားတဲ့အစားစာမှာ အာဟာရဓါတ် အစုံအလင်ကိုမျှမျှတတ လုံလုံလောက်လောက် ပါဝင်အောင် စားနိုင်ဖို့ အရေးကြီးပါတယ်။ မစုံလင်မှာစိုးတဲ့အတွက် ဖြည့်စွက်တဲ့အနေနဲ့ ဖေါလစ် အက်ဆစ်နဲ့ ဗီတာမင်၊ သံဓါတ်နဲ့ သတ္တုဓါတ်တွေပါတဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေနဲ့ ဖြည့်စွက်နေခြင်းဖြစ်ပါတယ်။

ဖြည့်စွက်စားဖို့ လမ်းညွှန်ထားသော ဗီတာမင်များ

•ဖေါလစ်အက်ဆစ်

ဖေါလစ်အက်ဆစ်ဟာ ဗီတာမင် ဘီ အုပ်စုထဲကဖြစ်ပါတယ်။ Spina bifida လို့ခေါ်တဲ့ ကျောဆစ်ရိုး နဲ့ ဦးခေါင်ရိုးတွေ ပြန်ဆုံပြီးပေါင်းစပ်ရာမှာ မပြည့်စုံခြင်းကြောင့်ဖြစ်တဲ့ ချို့ယွင်းမှုတွေကို ကာကွယ်ပါတယ်။ နှလုံးနဲ့ ခြေလက်အင်္ဂါ ချို့ယွင်းမှုကိုလည်း ကာကွယ်ပါတယ်။
ကလေးယူဖို့ ဆုံးဖြတ်ပြီဆိုတာနဲ့ ဖေါလစ်အက်ဆစ်ဆေးပြားလေးကို တစ်နေ့တစ်ပြား ၄၀၀ မိုက်ခရို ဂရမ် 400 micrograms (µg) စသောက်သင့်ပါတယ်။ ကိုယ်ဝန်မရခင်က စမသောက်မိရင်လည်း ကိုယ်ဝန်ရှိမှန်း သိသိချင်း စသောက်ပါ။
ရင်သွေးလေး ခြေလက်အင်္ဂါ ဖန်တီးနေတဲ့ ကာလဖြစ်တဲ့ ကိုယ်ဝန်ပထမ ၁၂-၁၃ ပတ်သား အထိ သောက်ဖို့လို့ပါတယ်။

•ဗီတာမင် ဒီ

ဗီတာမင် ဒီ ကို နေရောင်ချည်နဲ့ ထိတွေ့မှုမှရနိုင်သလို၊ အဆီမျာတဲ့ငါး နှင့် ဥများစားခြင်းကလည်း ရနိုင်ပါတယ်။
နေရောင်နှင့်ထိတွေမှုနည်းတဲ့ အေးတဲ့ဒေသများမှာ ဗီတာမင် ဒီ ဓါတ်ချို့တဲ့မှုများတဲ့ အတွက် ကိုယ်ဝန်ဆောင်များနဲ့ နို့တိုက်မိခင်များကို နေ့စဉ် ဗီတာမင် ဒီ ၁၀ မိုက်ခရိုဂရမ် ထည့်သောက် ဖို့လမ်းညွှန်ပါတယ်။ အဲ့ဒီလိုသောက်ခြင်းဖြင့် ပထမ တစ်နှစ်အတွင်း ရင်သွေးလေးရဲ့ ကြီးထွားဖွံ့ဖြိုး မှုကို အထောက်အကူဖြစ်စေပြီး အရိုးပျော့ရောဂါ (Rickets) ဖြစ်ခြင်းကိုလည်းကာကွယ်ပါတယ်။
နေရောင်နဲ့ အထိအတွေ့နည်းတဲ့သူ၊ နေရောင်နဲ့ထိတွေ့သော်လည်း နေရောင်ကို ကာကွယ်ရန် sun-protection cream ဆေးများ လိမ်းသောသူများ၊ ဝသောသူများဟာ ဗီတာမင် ဒီ ဓါတ်ချို့တဲ့တတ်ကြပါ တယ်။
ဗီတာမင် ဒီ ဓါတ်ချို့တဲ့မှုရှိတဲ့သူတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre eclampsia)၊ ဆီချိုဖြစ်ခြင်း (GestationalDiabetes) နဲ့ ပေါင်မပြည့်သော ကလေးမွေးခြင်း (Low Birth weight baby)၊ လမစေ့ဘဲမွေးခြင်း (Preterm birth) များ ဖြစ်တတ်ပါတယ်။
ဗီတာမင် ဒီ ဖြည့်စွက်ပေးခြင်းဖြင့် ဖေါ်ပြပါ ပြသနာတွေကို လျော့ကျစေတယ်ဆိုပေမဲ့ မိခင်နဲ့ ကလေး ရဲ့ ကျန်မာရေးကို ပိုကောင်းစေဖို့ ဗီတာမင် ဒီ ဖြည့်စွက်ပေးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများကို တိုက်ရိုက် ဆန်းစစ်ထားတဲ့ အထောက်အထားတွေနည်းနေပါသေးတယ်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် ဒီ ဖြည့်စွက်ပေးဖို့ လမ်းညွှန်မှု မပေးထားပါဘူး။
ကိုယ်ဝန်ဆောင်အားလုံးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓါတ် မျှတတဲ့ အစားအစာများကို စားဖို့ အားပေးရပါမယ်။

•ဗီတာမင် ဘီ ဝမ်း (Thiamine)

ဗီတာမင် ဘီ ဝမ်း (Thiamine)ဟာ အာရုံကြောများ၊ နှလုံးကြွက်သားများအပါအဝင် ကြွက်သားများ လုပ်ဆောင်ရာမှာ လိုအပ်ပါတယ်။ ကစီဓါတ်ရဲ့ ဇီဝကမ္မအပြောင်းအလဲများလုပ်ရာမှာလည်း လိုအပ်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အာရှဒေသတွေမှာ ဗီတာမင် ဘီ ဝမ်း (Thiamine)ဓါတ် ချိုတဲ့မှုတွေ တွေ့ရပါ တယ်။ ဗီတာမင် ဘီ ဝမ်း (Thiamine) ဓါတ်တွေ အကုန်နီးပါး ပါသွားတဲ့အထိ ဖြူဖွေးအောင် ကြိတ် လိုက်တဲ့ ဆန်ကိုစားတဲ့အခါ ဗီတာမင် ဘီ ဝမ်း (Thiamine)ဓါတ် ချိုတဲ့တတ်ပါတယ်။ အခြား အစားအစာတွေမှာလည်း ဗီတာမင် ဘီ ဝမ်း (Thiamine)ဓါတ် နည်းပါးတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်၊ မီးတွင်းကာလ နှင့် ကလေးနို့တိုက်နေသောကာလများမှာ အစားရှောင်ခြင်းဟာလည်း ဗီတာမင် ဘီ ဝမ်း ဓါတ်ချို့တဲ့ပြီး မိခင်နှင် ကလေးမှာပါ ဘယ်ရီဘယ်ရီ ရောဂါများ ခံစားစေတတ်ပြီး အသက် အန္တရာယ်ကို ဖြစ်စေပါတယ်။
ဗီတာမင် ဘီ ဝမ်း (Thiamine)ဓါတ်ကို ကိုယ်ဝန်ဆောင်များကို ဖြည့်စွက်သောက်စေခြင်းဖြင့် ရမဲ့ ကောင်းကျိုးဟာဆိုးကျိုးထက်များမှ ဖြည့်စွက်ဖို့ လမ်းညွှန်ပါတယ်။ ကိုယ်ဝန်ကာလနဲ့ နို့တိုက်စကာလမှာ မိခင်များ နေ့စဉ် သောက်သင့်တဲ့ ဗီတာမင် ဘီ ဝမ်း (Thiamine)ပမာဏ ကို ၁.၄ မီလီဂရမ် သတ်မှတ်ထားပါတယ်။ ကိုယ်ဝန်က အမြွှာကိုယ်ဝန်ဖြစ်နေရင်၊ ကလေးတစ်ယောက်ထက် ပိုပြီးနို့တိုက်နေရရင် ဗီတာမင် ဘီ ဝမ်း (Thiamine) ပမာဏကို တိုးသောက်နိုင်ပါတယ်။

•သံဓါတ် ဖြည့်စွက်ဖို့လိုပါလား။

သံဓါတ်ဟာ သွေးရဲ့ အောက်ဆီဂျင်ဓါတ်ကိုသယ်ပေးတဲ့ ဟီမိုဂလိုဘင်လို့ ခေါ်တဲ့ အနီရောင်ဓါတ်အတွက် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးပမာဏ ပိုများလာတဲ့အတွက် ဟီမို ဂလိုဘင် ပိုလိုလာပါတယ်။ ပိုပြီးလိုအပ်လာတာနဲ့အညီ အစာထဲမှာပါတဲ့ သံဓါတ်နဲ့အသားဓါတ် တွေကို စုပ်ယူအားတွေကလည် များလာပါတယ်။ သံဓါတ်ပါတဲ့ အစားအစာတွေ (အနီရောင် အသားများ၊ သွေးခဲများ၊ ကလီစာများ၊ ပဲ အမျိုးမျိုးနှင့် အစိမ်ရောင်အသီးအနှံများ- ဥပမာ ကန်ဇွန်ရွက်၊ ဟင်းနုနွယ်ရွက် စသည်များ) ပိုစားပေးဖို့ အားပေးပါ။
မလိုအပ်ဘဲ ပုံမှန် သံဓါတ် ဖြည့်စွက်ပြီးသောက်နေခြင်းသည် ကောင်းကျိုးများမရစေတဲ့အပြင် သံဓါတ်ကြောင့် ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ လေပူထခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
စုပ်ယူနိုင်အားထက်ပိုပြီး ဆေး အနေနဲ့ သောက်ရင်လည်း ပိုတဲ့ သံဓါတ်တွေက ဝမ်းထဲမှာ ပါသွားပြီး ဝမ်းမဲမဲတွေသွားစေမှာဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သွေးအား အနည်းအများကို ကိုယ်ဝန်စရှိစဉ်တစ်ကြိမ်၊ ကိုယ်ဝန်သက် ၂၈ ပတ် (၇ လ) လောက်မှာတစ်ကြိမ် စစ်ပေးပါလိမ့်မယ်။ သွေးအားနည်းလို့ လိုအပ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သံဓါတ်ပါတဲ့ ဆေးကို ပေးပါလိမ့်မယ်။
ကိုယ်ဝန်မှာသွေးအားနည်းနိုင်တဲ့မိခင်တွေ ဥပမာ- အမြွှာကိုယ်ဝန်တွေကိုတော့ နဂိုကတည်းက သံဓါတ် ဖြည့်စွက်ဖို့လိုပါလိမ့်မယ်။

•ဗီတာမင် စီ ဖြည့်စွက်ဖို့လိုပါလား။

ပုံမှန်အားဖြင့် မလိုပါ။ ဗီတာမင် စီ ပါဝင်တဲ့ အသီးအနှံများ စားပေးပါ။
ဗီတာမင် စီသည် သံဓါတ်ကို စုပ်ယူအားကောင်းစေတဲ့အတွက် ကိုယ်ဝန်မှာ သွေးအားနည်းနိုင်ချေ ရှိလို့ သံဓါတ်သောက်ရမည့်သူများ တွဲသောက်နိုင်ပါသည်။

•ဗီတာမင် ကေ ဖြည့်စွက်ဖို့လိုပါလား။

ဗီတာမင် ကေက သွေးခဲရာမှာလိုအပ်ပါတယ်။
မွေးကင်းစကလေးတွေမှာ ဗီတာမင် ကေ နည်းနေတတ်ပါပြီး သွေးယိုတဲ့ အန္တရာယ်ရှိပါတယ်။ အဲ့ဒီ အန္တရာယ်ကို ကာကွယ်ဖို့အတွက် မွေးကင်းစကလေးတွေကို ဗီတာမင် ကေ ထိုးပေးကြပါတယ်။
အဲ့ဒီ အန္တရယ်ကို ကာကွယ်ဖို့အတွက် မေမေက ကိုယ်ဝန်ဆောင်စဉ်မှာ သောက်စရာ မလိုပါဘူး။
မေမေမှာ ဝက်ရူးပြန်ရောဂါကြောင့် ဆေးသောက်နေရတယ်၊ ဒါမှမဟုတ် အသည်းရောဂါရှိတဲ့ အခြေအနေတွေမှာ သွေးယိုထွက်တတ်တဲ့ အန္တရာယ်ရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူက သင့်ကို ဗီတာမင် ကေ တိုက်ပါလိမ့်မယ်။

•ကိုယ်ဝန်ဆောင် အားဆေးများ

ပမာဏ နည်းနည်းစီနှင့် ဗီတာမင်နှင့် သတ္တုဓါတ်များ များများပါဝင်တဲ့ ကိုယ်ဝန်ဆောင် အားဆေးများ များစွာရှိပါတယ်။ အဲ့ဒီ ကိုယ်ဝန်ဆောင်အားဆေးများက နည်းနည်းစီဘဲ ပါတဲ့အတွက် အန္တရာယ်ကင်း ပါတယ်။ တစ်နေ့ တစ်ကြီမ်သောက်ရမဲ့ဆေးကို တစ်နေ့ တစ်ကြီမ်ဘဲသောက်ပါ ပိုမသောက်ပါနဲ့။

•ကိုယ်ဝန်မှာ မသောက်သင့်သော ဗီတာမင်များ
အချို ဗီတာမင်တွေက ပမာဏများရင် ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်တတ်ပါတယ်။ အခြေအနေ တစ်စုံတစ်ရာကြောင့် ဆရာဝန်က ညွှန်ကြားမှသာ သောက်သင့်ပါတယ်။

•ဗီတာမင် အေ
ဗီတာမင် အေ သိပ်များရင် ရင်သွေးလေးရဲ့ ဥနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်တတ် ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင် အေ ၇၀၀ မိုက်ခရို ဂရမ် 700 micrograms (µg) ထက်များပြီးပါတဲ့ ကိုယ်ဝန်အားဆေး ကို ရှောင်ပါ။
ဗီတာမင် အေများတဲ့ အစားအစာတွေဖြစ်တဲ့ အသည်း နဲ့ အသည်းနဲ့လုပ်ထားတဲ့အစားအစာ၊ ငါးကြီးဆီ (fish liver oils) တွေမစားပါနှင့်။

•ဗီတာမင် အီး
ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင် အီး ဖြည့်စွက်ရန် လမ်းညွှန်ဖို့ အထောက်အထားများ လက်ရှိအခြေအနေမှာ မရှိသေးပါ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.