
ကိုယ်ဝန်မှာ ထွက်တဲ့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းကြောင့် အစာပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာ မလုံတဲ့အတွက် အစာအိမ်ထဲက အစာနဲ့ အစာချေရည် အက်ဆစ်တွေဟာ အစာပြွန်ထဲကို ပြန်တက်တတ်တဲ့အတွက် ရင်ညွှန့်မှာ ပူနေတတ်ပါတယ်။ “လေပူထတယ်” လို့လည်းခေါ်ပါတယ်။ ကိုယ်ဝန်ကာလ ၃ ခုစလုံးမှာ ဖြစ်နိုင်တယ်ဆိုပေမဲ့ ဗိုက်အပေါ်ပိုင်းအထိ ရောက်နေပြီဖြစ်တဲ့ ကြီးထွားလာပြီဖြစ်တဲ့ ကလေးနဲ့ သားအိမ်က အစာအိမ်အပေါ် ဖိထားတဲ့အတွက် တတိယ ၃လမှာ ပိုအဖြစ်များပါတယ်။
ဘယ်လိုကာကွယ်မလဲ။
မဖြစ်အောင်ကာကွယ်ဖို့ အစားကို နည်းနည်း နည်းနည်းနဲ့ ခဏခဏ စားပါ။ တထိုင်တည်းအများကြီးမစားပါနဲ့။ အစာအိမ်က အက်ဆစ်ထွက်စေတဲ့ ချဉ်လွန်း၊ စပ်လွန်းသော အစာများရှောင်ပါ။ အစာစားပြီး ချက်ချင်း လှဲမအိပ်ပါနဲ့။ တစ်နာရီလောက်ခြားပြီးမှ လှဲပါ။။
လေပူထလျှင် အက်ဆစ်ကို ချေဖျက်နိုင်တဲ့ နို့၊ ကွေကာအုပ် စတဲ့ အစာများ စားပါ။ Antacid လေဆေးများက သက်သာစေနိုင်ပါတယ်။ အချို့လေဆေးတွေမှာ ဆိုဒီယမ် (Sodium) ပါတဲ့အတွက် မသင့်တော်ပါ။ အလူမီနမ် (Aluminum) ပါတဲ့လေဆေးများကလည်း မသင့်တော်ပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပါ။