
ကိုယ်ဝန်ဆောင်မေမေများ လရင့်လာတဲ့အခါမှာ အထူးသဖြင့် အိပ်ယာအထမှာ လက်ချောင်းလေးတွေ တင်းပြီး ဆုပ်ရခက်နေတတ်ပါတယ်။ တင်းနေပြီး နာတတ်ပါတယ်။ တစ်ခါတစ်ရံ ထုံကျဉ်နေတတ် ပါတယ်။ အိပ်ယာထပြီး လှုပ်ရှားလိုက်တဲ့အခါမှာ တင်းနေတာတွေ ပြန်လျော့သွားတတ်ပါတယ်။ ခြေဖဝါးမှာလည်း ဖေါင်းတင်းနေတဲ့အတွက် နင်းလိုက်ရင် နာကျင်နေတတ်ပါတယ်။ ထုံကျဉ်တာလည်း ရှိတတ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်နဲ့ ဆားဓါတ်တွေ ပိုများလာပြီး လှည့်ပတ်နေတဲ့ သွေးပမာဏလည်း များလာပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လည်းတိုးသလို ဖေါင်းတင်နေသလိုလည်း ခံစားရပါတယ်။ လက်ကောက်ဝတ်နဲ့ ခြေမျက်စေ့ နှစ်နေရာကလွဲပြီး ကျန်တဲ့ခန္ဓာကိုယ်နေရာအားလုံးဟာ အပြင်ဘက်ကို ဖေါင်းထွက်လို့ ရပါတယ်။ လက်ကောက်ဝတ်နဲ့ ခြေမျက်စေ့မှာကတော့ ကန့်လန့်ဖြတ် အရွတ်ပြားကြီး ရှိနေ ပါတယ်။
အဲ့ဒီ အရွတ်ပြားကြီးအောက်က လက်ဖဝါးခြေဖဝါးထဲကို ဝင်တဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ အာရုံကြောတွေ ဖြတ်ပါတယ်။ အရွတ်ပြားကြီးကြောင့် ပိုလျှံနေတဲ့ အရည်ထုဟာ အပြင်ဘက်ကို ဖေါင်းမထွက်နိုင်ဘဲ သူအောက်က ဖြတ်သွားတဲ့ သွေးကြောတွေနဲ့ အာရုံကြောအပေါ် ညှစ်ထားသလိုဖြစ်တဲ့အတွက် လက်ဖဝါးနဲ့ လက်ချောင်းတွေ၊ ခြေဖဝါးနဲ့ ခြေချောင်းတွေ တင်းပြီး ကွေးမရအောင်ဖြစ်နေတတ်ပါတယ်။ လက်ဖဝါးနဲ့ လက်ချောင်းတွေ၊ ခြေဖဝါးနဲ့ ခြေချောင်းတွေ ပုံမှန်လှုပ်ရှားနေတဲ့အချိန်မှာ လှုပ်ရှားမှုကြောင် သွေးလှည့်ပတ်မှု ကောင်းနေတဲ့အတွက် မသိသာသော်လည်း အိပ်နေတဲ့အချိန်မှာ လှုပ်ရှားမှုမရှိတဲ့အတွက် အိပ်ယာအထမှာ တင်းနေခြင်းဖြစ်ပါတယ်။ အရွတ်ပြားရဲ့အောက်က ဖြတ်သွားတဲ့ အာရုံကြောကို ဖိမိထားတဲ့အတွက် ထုံကျဉ်တာ ဖြစ်တာပါ။
ဘယ်လိုလုပ်ရင် သက်သာမလဲ။
လက်ကို ချိုမိုင်မိုင်ကသလို ကွေးလိုက် ဆန့်လိုက် လှုပ်ရှားလိုက်ရင် ပြန်လျော့သွားမှာ ပါ။ ခြေထောက်ကိုတော့ ခြေမျက်စေ့ကနေ ကုတ်လိုက်၊ ကော့လိုက် လေ့ကျင့်ခန်းလုပ်ရင် သွေလှည့်ပတ်မှု ကောင်းသွားပြီး သက်သာ သွားမှာပါ။