
ရင်သွေးလေးနဲ့သားအိမ်ကခြေထောက်ကလာတဲ့ သွေးပြန်ကြောကြီးကိုဖိထားတဲ့အတွက် ခြေထောက် မှာ သွေးလည်ပတ်မှု မကောင်းတဲ့အတွက် မေမေရဲ့ ခြေမျက်စေ့လေးတွေ၊ ခြေဖမိုးလေးတွေ ရောင်နေ တတ်ပါတယ်။ အထူးသဖြင့် ညနေဘက်မျိုးမှာ ပိုရောင်တတ်ပါတယ်။ ကြွက်လည်းတက်တတ်ပါ တယ်။
ကြာကြာရပ်ခြင်း၊ ကြာကြာထိုင်ခြင်းကိုရှောင်ပါ။ လမ်းလျှောက်ပေးပါ။ ခြေမျက်စေ့မှ ခြေဖဝါးကိုကုတ်လိုက်၊ကော့လိုက် လေ့ကျင့်ခန်းလုပ်ပေးပါ။
ဘာကြောင့်ဖြစ်ရတာလဲ။
ရင်သွေးလေးနဲ့ သားအိမ်က ခြေထောက်ကလာမဲ့ သွေးပြန်ကြောတွေကို ဖိထားတဲ့အတွက် ခြေသလုံးမှာ သွေးအိုင်ပြီး ရောင်တာဖြစ်ပါတယ်။ ထိုင်တဲ့အခါ၊ ရပ်တဲ့အခါနဲ့ ပက်လက်အိပ်တဲ့အခါ ရင်သွေးလေးနဲ့ သားအိမ်က ခြေထောက်ပိုင်းကလာတဲ့ သွေးပြန်ကြောကြီးတွေကို ဖိထားတာကြောင့် သွေးလည်ပတ်မှုမကောင်းဘဲ ခြေထောက်များ ဖေါရောင်တတ်ပါတယ်။
အထိုင်များတဲ့အခါ၊ အရပ်များတဲ့အခါနဲ့ ပက်လက်အိပ်တဲ့အခါ ပိုဖြစ်တတ်ပါတယ်။
အမြွှာကိုယ်ဝန်တွေမှာ ပိုဖြစ်တတ်ပါတယ်။
စိုးရိမ်ရလား။
ခြေထောက်ပိုင်းမှာ အနည်းအကျဉ်း ရောင်တတ်တာ ကိုယ်ဝန်ဆောင်စဉ် အဖြစ်များပြီး အန္တရယ် မရှိတတ်ပေမဲ့ ခြေထောက်ပိုင်းမှာ ရုတ်တရက် ဖေါရောင်ခြင်းဖြစ်ခြင်း၊ လက်ချောင်းများနှင့် မျက်နှာဖေါရောင်ခြင်းများဖြစ်ရင် ကိုယ်ဝန်ဆိပ်တက်တာဖြစ်တတ်ပါတယ်။ အန္တရာယ်ရှိပါတယ်။
ခြေထောက်မှာသွေးအိုင်တာများရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက်သွေးလှည့်ပါတ်တဲ့ သွေးပမာဏ လျော့နည်းသွားတတ်ပါတယ်။ ရင်သွေးလေးဆီသွားတဲ့ ပမာဏလည်း လျော့နည်းသွားတတ်ပါတယ်။
ခြေထောက်ပိုင်းမှ ပြန်လာတဲ့ သွေးဟောင်းများ ခြေထောက်ပိုင်းမှာ အိုင်နေတဲ့အတွက် ကြွက်တက်ခြင်းလည်းဖြစ်တတ်ပါတယ်။
ဘယ်လိုလုပ်ရင် သက်သာမလဲ။
ခြေထောက်မှာ သွေးလည်ပတ်မှု ကောင်းအောင် လမ်လျှောက်ပေးရပါမယ်။ ဒါမှမဟုတ် ခြေ့မျက်စေ့မှ ခြေထောက်ကို ကော့လိုက် ကုတ်လိုက် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ကြာကြာရပ်ခြင်း ကြာကြာထိုင်ခြင်း ပက်လက်အိပ်ခြင်းကို ရှောင်ရပါမယ်။ ဘေးစောင်းလှဲပြီး နားပါ။