
ရင်သွေးလေး ထွားလာတာနဲ့အမျှ သားအိမ်ကလည်း ကြီးလာရပါတယ်။ သားအိမ်ရဲ့ ဂျိုစောင်း နှစ်ဘက်ကို ပေါင်ခြံ အလယ်နဲ့ တွယ်ပေးထားတဲ့ Round Ligament လို့ခေါ်တဲ့ အရွတ်ကြောကြီး ၂ခု ကလည်း လိုက်ကြီးထွားလာပေမဲ့ ပိုပိုတင်းလာပါတယ်။ ရင်သွေးလေးက တစ်ဘက်ဘက်ကို စောင်းနေရင် တစ်ဘက်က အရွတ်ကြောကြီးက ပိုတင်းပြီး နာနေတတ်ပါတယ်။ ရင်သွေးလေး တိုးလိုက်တိုင်းလည်း နာနေတတ်ပါတယ်။ တတိယ ၃လမှာ ပိုဆိုးလာတတ်ပါတယ်။
သားအိမ်ညှစ်အားလာလို့ ဗိုက်နာခြင်း၊ ရေမြွှာရည် သိပ်တင်းလို့ ဗိုက်နာခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်လို့နာခြင်း၊ အချင်းကွာလို့ ဗိုက်နာခြင်း-စတဲ့ ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲပြဿနာများကြောင့်လဲ နာတတ်ပါတယ်။ ကလေးတို့ခြင်း၊ မေမေလှုပ်ရှားခြင်းနဲ့ မဆက်စပ်တဲ့ နာခြင်းများအတွက် ကျန်မာရေး စောင့်ရှောက်မှုပေးသူနှင့် ချက်ချင်းတိုင်ပင်ပါ။