
လိပ်ခေါင်းဆိုတာ ဘာလဲ။
လိပ်ခေါင်းဆိုတာ စအိုနဲ့ အစာဟောင်းအိမ်ဘေးမှာရှိတဲ့ သွေးပြန်ကြောတွေ ကျယ်ပြီးဖေါင်းလာတာဘဲ ဖြစ်ပါတယ်။
တချို့တွေ ခြေသလုံးမှာ သွေးကြောထုံးပြီး တွန့်နေတဲ့သွေးကြောတွေ တွေ့ဖူးမှာပါ။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘာလို့ လိပ်ခေါင်းဖြစ်ရတာလဲ။
ကိုယ်ဝန်ရဲ့ ပြောင်းလဲမှုတွေကြောင့် ကိုယ်ဝန်မှာ လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။ခြေထောက်မှာ သွေးကြောထုံးသလိုဘဲ စအိုနဲ့ အစာဟောင်းအိမ်ဘေးမှာရှိတဲ့သွေးပြန်ကြောတွေက ကိုယ်ဝန်မှာ ကလေးနဲ့ သားအိမ်က ဖိထားတာကြောင့် သွေးလည်ပါတ်မှုမကောင်းဘဲ သွေးအိုင်ရာက သွေးပြန်ကြောတွေ ကျယ်လာပြီး ဖေါင်းလာတာပါ။ ကြာကြာရပ်ရတဲ့သူတွေမှာ ခြေသလုံးမှာ သွေးကြောထုံး သလိုပဲ၊ ကိုယ်ဝန်မှာ လိပ်ခေါင်းဖြစ်ရတာပါ။ ကြာကြာထိုင်တဲ့သူ၊ ဝမ်းချုပ်လို့ ညှစ်ရတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။
လရင့်လာရင် ဘာလို့ပိုဆိုးလာရလဲ။
လရင့်လာလေလေ ကြီးထွားလာပြီဖြစ်တဲ့ ကလေးရဲ့ ဖိအားကများလာလေလေ၊ ရိုးကွင်းထဲ ကလေး ဦးခေါင်းစိုက်လေလေ ရိုးကွင်းထဲက သွေးပြန်ကြောကြီးတွေကို ဖိလေလေ လိပ်ခေါင်းက ပိုဆိုးလေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်မှာ ဝမ်းချုပ်တာတွဲနေတတ်တော့ ဝမ်းညှစ်လေ သွေးကြောတွေက ဖေါင်းလေဖြစ်တတ်ပါတယ်။ ဝမ်းခဏခဏပျက်ရင် အိမ်သာခဏခဏ ထိုင်ရရင်လည်းဖြစ်တတ်၊ ပိုဆိုးတတ်ပါတယ်။
လိပ်ခေါင်းဖြစ်ရင် ဘယ်လိုခံစားရသလဲ။
လိပ်ခေါင်းက စအို အတွင်းပိုင်းမှာရှိရင် မသိသာပါဘူး။
အပြင်လိပ်ခေါင်းဖြစ်လျှင် စအိုအဝနားမှာ ယားတတ်ပါတယ်။ ဖေါင်းနေတဲ့သွေးကြောကို စမ်းမိနိုင်ပါတယ်။ ပြန်ပြီးသွင်းလို့ရနိုင်ပါတယ်။ တခါတရံ ဝမ်းသွားပြီးတဲ့အခါမှာ စအိုမှ သွေးနီနီများ ကျတတ်ပါတယ်။တခါတလေ ပြန်မဝင်ဘဲ အပြင်မှာရှိနေပြီး လိပ်ခေါင်းဖြစ်နေတဲ့ သွေးကြောထုံးနေတဲ့အထဲမှာ သွေးခဲသွားတတ်ပါတယ်။ အဲ့ဒီလိုသွေးခဲသွားရင်တော့ နာနေပါလိမ့်မယ်။ ဝမ်းသွားတဲ့အခါမှာ ပိုနာတတ်ပါ တယ်။
မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
ဝမ်းမှန်စေရန်နှင့် ဝမ်းပျော့စေရန် အရွက်အသီးများများစားရန်၊ အရည်များများသောက်ရန်လိုပါသည်။
အိမ်သာမှာ အကြာကြီးထိုင်ပြီး ညှစ်နေခြင်းမျိုး ရှောင်ရပါမည်။
ကိုယ်လက်လှုပ်ရှားမှု များလုပ်ပေးရပါမယ်။
ကိုယ်ဝန်မှာ ဘယ်လို ကုသမလဲ။
အိမ်မှာမိမိဘာသာ လုပ်ရန်
-သန့်အောင်ထားပါ။
-ဝမ်းသွားပြီးတိုင်း ကလေးများသုံးသော Baby wipe သုံးပြီးသန့်ရှင်းပါ။
-ရောင်နေလျှင် ရေခဲတုံးလေးများကို အဝတ်နဲ့ ထုပ်ပြီး ၁၀ မိနစ် တစ်ခါ ကပ်ပေးပါ။
-ယားလျှင်ယားတာသက်သာစေတဲ့ Hydrocortisone ပါတဲ့ လိမ်းဆေးလေးများ လိမ်းပေးနိုင် ပါတယ်။
-ဆားနည်းနည်း ထည့်ထားတဲ့ ရေနွေး ကြက်သီးနွေး ရေဇလုံထဲမှာ ရေနွေးအေးသွားသည်အထိ တစ်နေ့ ၃ကြိမ် ရေစိမ်ထိုင်ပေးပါ။
-လိပ်ခေါင်းမှာသုံးသော လိမ်းဆေး သို့မဟုတ် စအိုထဲ ထည့်တဲ့ ဆေးများသုံးနိုင်ပါတယ်။
ဆရာဝန်ကို ဘယ်တော့ပြမလဲ။
-ကိုယ်ဝန်မှာ လိပ်ခေါင်းဖြစ်တိုင်း ပြစရာမလိုပါ။
-အိမ်မှာ ကိုယ်ဘာသာလုပ်လိုရတာတွေလုပ်ပေမဲ့ မသက်သာလျှင် ဆရာဝန်နှင့်တိုင်ပင်ရပါမယ်။
-အပြင်ထွက်နေတဲ့ လိပ်ခေါင်း က နာလာပြီဆိုရင် ဆရာဝန်နဲ့ပြပါ။
-စအိုကသွေးကျတာများရင် အရေးပေါ်ပြဖို့လိုပါတယ်။
ဆရာဝန်က ဘာလုပ်ပေးနိုင်မလဲ။
-ဝမ်းပျော့ဆေးများပေးနိုင်ပါတယ်။
-လိပ်ခေါင်းကို ခွဲစိတ်ကုသလို့ရပေမဲ့ ကိုယ်ဝန် ကာလမှာတော့ ခွဲမှာမဟုတ်ပါဘူး။
ကလေးမွေးပြီးရင် လိပ်ခေါင်း သူ့ အလိုလို ပြန်ကောင်းသွားနိုင်ပါလား။
ပြန်ကောင်းသွားနိုင်ပါတယ်။
ဘယ်လောက်ကြာရင် ပြန်ကောင်းမလဲ။
ဖြစ်တဲ့လိပ်ခေါင်းရဲ့အရွယ်၊ ဖြစ်တဲ့နေရာ၊ ပြင်းထန်မှုအခြေအနေကို လိုက်ပြီး ရက်အနည်းငယ်မှ ရက်သတ္တပါတ်အထိကြာနိုင်ပါတယ်။